Daw San San Maw shared Young Buddhist Association's photo — with Maymay Lwin and Mumupawe Pawe.
Young Buddhist Association with Zahan Mon and Wine Wine.
“ဥပေက္ခာပါရမီ”
••••••••••••••••••••••••••••••••••••••••••
လျစ်လျူရှုတာ၊ ဥပေက္ခာ၊ သည်ဟာ ဘာကြောင့်
ကောင်းသနည်း။
လူကိုမရှု၊ သူတို့ ပြုသည့်၊ အမှုအပေါ်၊
တော် မတော်ဖြင့်၊ စော်စော်ကားစေ၊ ကောင်းပြုပေလည်း၊
စိတ်နေမခု၊ ချစ်မပြုဘဲ၊ လျစ်လျူရှုကာ၊ ဥပေက္ခာ၊
သည်ဟာဒါကြောင့် ကောင်းသတည်း။

မုန်းလည်းမမုန်း၊ချစ်လည်းမချစ်ဘဲ အလယ်အလတ်၌
တည့်မတ်သောစိတ်ကို“ဥပေက္ခာပြုခြင်း=လျစ်လျူရှုခြင်း”
ဟု ခေါ်၏။ ထိုသို့ ရှုရာ၌လည်း ပုဂ္ဂိုလ်ကို ရှုသည်
မဟုတ်။ ထိုပုဂ္ဂိုလ်များ ပြုသောအမှုအပေါ်၌သာ
(စော်ကားလည်းမမုန်း၊ ရိုသေလေးစားလည်း မချစ်ဘဲ)
လျစ်လျှူရှုခြင်းဖြစ်သည်။
(အရှင်ဇနကာဘိဝံသ၊ရုပ်စုံဗုဒ္ဓဝင်အမေးအဖြေ၊နှာ-၃၁)
✦ဘုရားအလောင်းတော်ဟာ မြင်ရသူ၊ကြားရသူတွေ
ကြက်သီးမွေးညှင်းထရလောက်အောင် ဥပေက္ခာပါရမီကို
ဖြည့်ကျင့်ခဲ့တဲ့ ဘဝတစ်ခု ရှိခဲ့ဖူးပါတယ်။
ဝတ္ထုနာမည်က “မဟာလောမဟံသစရိယ”ပါတဲ့။
အဓိပ္ပါယ်ကတော့ မြင်ရသူတွေ ကြက်သီး မွေးညှင်း
ထမခန်း ဖြစ်လောက်အောင် ကျင့်ခဲ့တဲ့ဝတ္ထု
လို့ဆိုပါတယ်။ အဲဒီဝတ္ထုလေးကို အရင်ပြောပြရအောင်ပါ။
တစ်ခါတုန်းက ဘုရားအလောင်းဟာ ချမ်းသာ
ကြွယ်ဝတဲ့အမျိုးမှာ ဖြစ်ရပါတယ်။ အရွယ်ရောက်တဲ့အခါ
ဒိသာပါမောက္ခ ဆရာကြီးဆီမှာ ပညာသင်ကြားပါတယ်။
ပညာစုံတဲ့အခါ ဇာတိအရပ်ကို ပြန်လာပြီး မိဘနှစ်ပါးကိုပဲ
စောင့်ရှောက်လုပ်ကျွေးနေခဲ့ပါတယ်။
မိဘနှစ်ပါး ကွယ်လွန်တဲ့အခါမှာတော့ လောကရဲ့
မမြဲတဲ့သဘောတွေကိုသိပြီး တောထွက်ဖို့ စီစဉ်ပါတယ်။
တောထွက်တဲ့ နေရာမှာလည်း ရဟန်းဝတ်နဲ့တောထွက်ရင်
ထင်ရှားကျော်ကြား လာဘ်လာဘတွေ ပေါများနေမှာစိုးလို့
လူဝတ်နဲ့ပဲ တောထွက်ခဲ့ပါတယ်။ အထူးသဖြင့် သူတစ်ပါး
တို့အပေါ်မှာ လျစ်လျူရှုခြင်းဆိုတဲ့ “ဥပေက္ခာပါရမီ” ကို
အထွတ်အထိပ်ရောက်အောင် ဖြည့်ကျင့်ဖို့ပါ။
ရွာနိဂုံး မြို့တွေမှာ တစ်နေရာ တစ်ညသာနေပြီး
ကိုယ့်ကိုမရိုမသေ များများပြုလုပ်တဲ့အရပ်မှာတော့
ကာလကြာကြာလေးနေပေးပါတယ်။
ဒီလိုနဲ့ လှည့်လည်ရင်း ရွာနိဂုံးတစ်ခုကို ရောက်လာ
ခဲ့ပါတယ်။ကလေးတွေဟာ ခပ်ဆိုးဆိုးလေးတွေပါ။
လမ်းမှာသွားလာနေတဲ့ အဖွားအို၊အဖိုးအိုတွေတောင်
ချမ်းသာမပေးဘဲ နောက်ပြောင်နေကြတာပါ။
ဘုရားအလောင်းတော်ဟာ နောက်ပြောင်နေတဲ့
ကလေးတွေကို ကြည့်ပြီး “အင်း ... ငါ့အတွက်
ဥပေက္ခာပါရမီ ဖြည့်ကျင့်ဖို့ အထောက်အပံ့ကောင်းတွေ
ရပြီ”ဆိုပြီး အဲဒီရွာမှာပဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလေးတွေဟာ ဘုရားအလောင်းတော်ကို မြင်တာနဲ့
နောက်ပြောင် စနောက်တော့တာပါ။ ဒါကို ဘုရား
အလောင်းတော်က မခံနိုင်သယောင်၊ကြောက်ရွံ့သယောင်
ဆောင်ပြီး ပြေးပါတယ်။ဒီတော့ ဘုရားအလောင်းတော်
နောက်ကို ကလေးတွေက ဝိုင်းအုံပြီး လိုက်ကြတော့တာပါ။
ဘုရားအလောင်းက ရှေ့ကသွား၊ ကလေးတွေက
နောက်ကလိုက်နဲ့ သုသာန်အနားကို ရောက်လာပါတယ်။
ဒီတော့ ဘုရားအလောင်းက စဉ်းစားပါတယ်။
“ဒီနေရာဟာ ကလေးတွေကို တားမြစ်မယ့်လူ
တစ်ယောက်မှမရှိဘူး။ငါ့ရဲ့ ဥပေက္ခာပါရမီကို လှလှကြီး
ဖြည့်ရတော့မယ်”ဆိုပြီး သုသာန်ထဲကိုဝင်ပြီး
လူရိုးတစ်ခုကို ခေါင်းအုံးအိပ်နေလိုက်ပါတယ်။
ကလေးငမိုက်သားလေးတွေကတော့ သူတို့ အတွက်
စကွက်၊ နောက်ကွက်ရပြီဆိုပြီး တံတွေးနဲ့ ထွေးလိုက်၊
ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ စိတ်တိုင်းကျ
နောက်ပြောင်ပြီးမှ ပြန်သွားကြတော့တာပါ။
ကလေးငမိုက်သားတွေဟာ နောက်နေ့တွေမှာလည်း
နေ့တိုင်း နေ့တိုင်း ရောက်ရောက်လာပြီး
နောက်ပြောင်ကြပါတော့တယ်။
ဒါကို အသိဉာဏ်ရှိတဲ့လူတွေက တွေ့သွားပြီး၊
ကလေးတွေကို တစ်ဖက်က တားမြစ်ရင်း
“ဒီပုဂ္ဂိုလ်ဟာ တန်ခိုးအာနုဘော်ရှိတဲ့ မဟာယောဂီကြီးပဲ”
ဆိုပြီး များပြားတဲ့ ပူဇော်သက္ကာရတွေကို ပြုကြပါသတဲ့။
ဒါပေမယ့် ဘုရားအလောင်းတော်မြတ်ကတော့
နောက်ပြောင်တဲ့ ကလေးငမိုက်သားတွေအပေါ်မှာလည်း
မုန်းခြင်းမရှိ၊ များပြားစွာ ပူဇော်သက္ကာရပြုတဲ့ ပညာရှိတွေ
အပေါ်မှာလည်း ချစ်ခြင်းမရှိဘဲ၊ နှစ်မျိုးလုံးအပေါ်မှာ
အလယ် အလတ်သဘောဆိုတဲ့ တစ်ထပ်တည်း
တူမျှတဲ့သဘောပဲ ရှိပြီး ဥပေက္ခာပါရမီကို
ဖြည့်ကျင့်တော်မူခဲ့ပါတယ်။
-【စရိယာပိဋကအဋ္ဌကထာ၊ စာမျက်နှာ-၂၅၉၊၂၆၀】
✦ဘုရားအလောင်းတော်ဟာ အာရုံဆိုးတွေ ရှိတဲ့နေရာကို
တကူးတကကိုသွားပြီး ဥပေက္ခာပါရမီကို ဖြည့်ကျင့်ခဲ့တာပါ။
ဝတ္ထုနာမည်အတိုင်း ဖတ်ရသူတွေ ကြက်သီးမွေးညှင်း
ထချင်လောက်အောင် ကြည်ညိုရတဲ့ဝတ္ထုလေးပါ။
ဒီဇာတ်ဝတ္ထုလေးမှာ လိုရင်းကတော့ ကလေးတွေ
တံတွေးနဲ့ ထွေးလို့လည်း စိတ်မဆိုး၊ ပညာရှိတွေ
ပူဇော်လို့လည်း မသာယာဘဲ စိတ်ကို တစ်ဖက်ကို
ယိမ်းမသွားအောင် အလယ်မှာ ထားလိုက်နိုင်ခြင်း
ဆိုတဲ့ “ဥပေက္ခာပါရမီ”ပါ။
တကယ်လို့သာ ကလေးတွေကို စိတ်ဆိုးလိုက်မယ်၊
လူကြီးတွေရဲ့ ပူဇော်မှုကို သာယာလိုက်မယ်ဆိုရင်
“ဥပေက္ခာ” မဖြစ်တော့ပါဘူး။
လက်တွေ့သဘောလေးတွေနဲ့ နီးစပ်အောင်ပြောရရင်
လောကဓံဆိုးတွေနဲ့ တွေ့လို့လည်း ဝမ်းမနည်း၊
လောကဓံကောင်းတွေနဲ့ တွေ့လို့လည်း မသာယာဘဲ၊
စိတ်ကို ချိန်ခွင်လျှာလို အလယ်မှာထားနိုင်တာဟာ
“ဥပေက္ခာ” ပါ။
ဥပေက္ခာရဲ့ တိုက်ရိုက်အနက်က “အသင့်အားဖြင့် ရှုခြင်း”
လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကို ရှေးဆရာတော်ဘုရားများက
“လျစ်လျူရှုခြင်း”လို့ မြန်မာပြန်ဆိုပေးခဲ့ကြပါတယ်။
တချို့က လျစ်လျူရှုခြင်း ဝေါဟာရကို သဘောပေါက်လွဲပြီး
ဥပေက္ခာဆိုတာ ဂရုမစိုက်တော့ဘဲ ဖြစ်ချင်ရာဖြစ်
သူ့အကျိုးကို မဆောင်ရွက်တော့ဘဲ၊
ပစ်ထားလိုက်တော့တာလို့ ယူဆတတ်ကြပါတယ်။
တကယ်တော့ ဥပေက္ခာပါရမီရဲ့ သဘောက
သူတစ်ပါးအကျိုး၊ လောကအကျိုးကို အမြဲငဲ့နေတာပါ။
ကိုယ့်ကို မုန်းတဲ့သူက အကူအညီ တောင်းလာရင်လည်း
ပေးလိုက်တာပါပဲ။ ကိုယ့်ကိုချစ်တဲ့ သူက အကူအညီ
တောင်းလာရင်လည်း ပေးလိုက်တာပါပဲ။
အဲဒီလူနှစ်ယောက် အပေါ်မှာ စိတ်နှစ်မျိုးမဖြစ်ဘဲ၊
တစ်သားတည်းထားပြီး ကူညီတာပါ။
နီးနီးစပ်စပ်အနေနဲ့ ပြောရရင်တော့ ရာထူးဌာနန္တရ၊
ငွေကြေးဥစ္စာရှိတဲ့သူရယ်၊ ကိုယ့်အိမ်မှာ ခိုင်းတဲ့
ကလေးမလေးရယ် အကူအညီ တောင်းလာခဲ့ရင်
အဲဒီ နှစ်ယောက်လုံး အပေါ်မှာထားတဲ့စိတ်ဟာ
တစ်သားတည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်လုံးရဲ့
အကျိုးကိုတော့ ငဲ့ထားပါတယ်။ ပြီးတော့ သူတို့ဆီက
အပူဓာတ်ကို မယူပါဘူး။
ဒီတော့ ဥပေက္ခာဆိုတာ အာရုံမပြုဘဲ ပစ်ထားလိုက်တာ
မဟုတ်ပါဘူး။ ချစ်ခြင်း၊မုန်းခြင်းကင်းစွာနဲ့ ကူညီတာပါ။
သူတစ်ပါးအကျိုး၊လောကအကျိုးကို အစဉ်သဖြင့်
ငဲ့နေပါတယ်။ မငဲ့နိုင်ရင် “ဥပေက္ခာပါရမီ”မဟုတ်ပါဘူး။
“နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ဖို့အတွက် ပါရမီတွေ
ဖြည့်တယ် ဆိုပေမယ့် ဖြည့်နေတဲ့ ပါရမီတွေက
ကိုယ့်ကို အစဉ်သဖြင့် ပြန်စောင့်ရှောက်နေတာပါ။
ပါရမီရဲ့ အစောင့် အရှောက်ကို ခံရတဲ့သူဟာ
ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ထိပ်တန်းကိုပဲ
ရောက်ကြရတာပါ။”
❖တကယ် သေချာစဉ်းစားကြည့်ရင် မိုးလင်းကနေ
မိုးချုပ်အထိ လောကဓံ အဆိုးအကောင်း အာရုံမျိုးစုံနဲ့
နေ့စဉ်နီးပါး တွေ့တွေ့နေကြရတာပါ။ တကယ်လို့သာ
ကိုယ့်မှာ ဥပေက္ခာရှိထားရင် တစ်ဖက်က ကိုယ့်ကို
-မကောင်းစကားပြောလို့ ပဲဖြစ်ဖြစ်၊
-အပူစကားပြောလို့ပဲ ဖြစ်ဖြစ်၊
-ကျောလို့ပဲ ဖြစ်ဖြစ်၊
-နှိမ်လို့ပဲ ဖြစ်ဖြစ်၊
အာရုံဆိုးတစ်ခုခုကိုပြတိုင်း မကျေနပ်တဲ့စိတ်၊
ဝမ်းနည်းတဲ့စိတ်လည်း မဖြစ်တော့ပါဘူး။ဒီလိုပါပဲ။
ကိုယ့်ကံအလျှောက်
-ဟိုက ကောင်းတဲ့ စကားပြောလိုက်၊
-ဒီက ကောင်းတဲ့ စကားပြောလိုက်၊
-ဟိုက ကူညီလိုက်၊
-ဒီက ကူညီလိုက်၊
-လုပ်သမျှ၊ပြောသမျှတွေ အောင်မြင်လိုက်နဲ့
အာရုံကောင်းတွေနဲ့ တွေ့တွေ့နေရပေမယ့်လည်း
သာယာတဲ့စိတ်၊ ဝမ်းသာတဲ့စိတ် မဖြစ်တော့ပါဘူး။
❖တစ်ဖက်သားက ကိုယ့်ဆီကို လာလို့လည်း
ဝမ်းမသာဘူး။
❖မလာလို့လည်း ဝမ်းမနည်းဘူး။
❖ဖုန်းဆက်လို့လည်း ဝမ်းမသာဘူး။
❖ဖုန်းမဆက်လို့လည်း ဝမ်းမနည်းဘူး။
❖ကိုယ့်ကို ချစ်လို့လည်း ဝမ်းမသာဘူး။
❖မုန်းလို့လည်း ဝမ်းမနည်းဘူး။
❖ကိုယ့်ကို စကားပြောလို့လည်း ဝမ်းမသာဘူး။
❖စကားမပြောလို့လည်း ဝမ်းမနည်းဘူး။
❖ကိုယ့်ကို ခိုင်းလို့လည်း ဝမ်းမသာဘူး။
❖မခိုင်းလို့လည်း ဝမ်းမနည်းဘူး။
❖ဈေးရောင်းကောင်းလို့လည်း ဝမ်းမသာဘူး။
❖ဈေးရောင်းမကောင်းလို့လည်း ဝမ်းမနည်းဘူး။
❖ကောင်းတဲ့အဝတ်ဝတ်ရလို့လည်း ဝမ်းမသာဘူး။
❖မကောင်းတဲ့အဝတ် ဝတ်ရလို့လည်း ဝမ်းမနည်းဘူး။
❖အခွင့်အရေး ရလို့လည်း ဝမ်းမသာဘူး။
❖အခွင့်အရေး မရလို့လည်း ဝမ်းမနည်းဘူး။
စသည်ဖြင့် ဒါတွေဟာ ဥပေက္ခာရဲ့သဘောတွေပါ။
စာသဘောနဲ့ပြောရရင်တော့ ချစ်ခြင်း၊မုန်းခြင်းတွေ
ငြိမ်းနေတာဟာ ဥပေက္ခာပါ။ လောကမှာ ချစ်ရတာလည်း
မကောင်းပါဘူး။ မုန်းရတာလည်း မကောင်းပါဘူး။
သံသရာမှာ ချစ်ခဲ့ရတာတွေလည်း များပါပြီ။
မုန်းခဲ့ရတာတွေလည်း များပါပြီ။
အဲဒီ အချစ်၊အမုန်းတွေကြောင့်ပဲ သံသရာရှည်ခဲ့ရတာပါ။
ချစ်ခြင်း၊မုန်းခြင်းတွေ ကင်းတဲ့ ဘဝလေးတစ်ခုရအောင်
ကြိုးစားရတော့မယ့် အချိန်ပါ။ကြိုးစားခွင့်
မသာသေးရင်တောင် ကိုယ့်အနာဂတ်အိပ်မက်ထဲမှာတော့
ချစ်ခြင်း၊မုန်းခြင်းကင်းတဲ့ ဘဝလေးတစ်ခုကို
စိတ်ကူးနဲ့ တည်ဆောက်ထားနိုင်ရပါမယ်။
နိဗ္ဗာန် လိုချင်တဲ့သူဟာ ချစ်ခြင်း၊မုန်းခြင်းတွေ
ငြိမ်းနေရပါ့မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိဗ္ဗာန်ရဖို့
ဝိပဿနာတရား အားထုတ်ရမှာပါ။ ဝိပဿနာတရား
အားထုတ်တဲ့ နေရာမှာ
“ဒါနအရာ ဝမ်းမြောက်တာ မှန်စွာအဓိကဖြစ်ပေသည်။
ဝိပဿနာအရာ ဥပေက္ခာ မှန်စွာအဓိကဖြစ်ပေသည်”
ဆိုတဲ့အတိုင်း ဒါနပြုတဲ့နေရာမှာ ဝမ်းမြောက်ဖို့
အဓိက ဖြစ်ပေမယ့် ၊ ဝိပဿနာတရား အားထုတ်တဲ့
နေရာမှာတော့ ဥပေက္ခာက အဓိကဖြစ်နေလို့ပါ။
ဒါကြောင့် နိဗ္ဗာန်လိုချင်လို့ ဝိပဿနာတရား
အားထုတ်တဲ့သူဟာ အရာအားလုံးကို ဥပေက္ခာရှုပြီး
အားထုတ်ရမှာပါ။
ဒါက လောကုတ္တရာဘက်ကပြောတာပါ။
လောကီဘက်မှာလည်း ဥပေက္ခာကို ကိုင်ထားပြီး
ရှုနိုင်သမျှ ရှုထားရပါမယ်။ လောကဓံ အဆိုး၊
အကောင်းတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ
ဥပေက္ခာရှုနိုင်မှ နေပျော်တာပါ။
ဥပေက္ခာမရှုနိုင်ရင် သိပ်စိတ်ဆင်းရဲရတာပါ။
ဘာပဲပြောပြော ဥပေက္ခာကတော့ လူသားတစ်ယောက်
ဘဝမှာ အင်္ဂါရပ်တစ်ခုအနေနဲ့ လိုအပ်နေတာတော့
အမှန်ပါပဲ။လက်တွေ့မကျင့်နိုင်သေးရင်တောင် ကိုယ်က
ဒီသဘောလေးတွေကို သိထားတယ်ဆိုရင်
မဆိုးပါဘူး။ တစ်နေ့မှာ ကျင့်နိုင်အောင်ပေါ့။
တကယ်တော့ တစ်စုံတစ်ယောက်အပေါ်
မကျေနပ်တဲ့စိတ် ဖြစ်တယ်ဆိုတာ ကိုယ့်မှာ ဥပေက္ခာ
မရှိလို့ပါ။ ဥပေက္ခာသာရှိ တစ်ဖက်က ဘယ်လောက်ပဲ
ဆိုးပြ၊ဆိုးပြ ကိုယ်က ဘာမှမဖြစ်တော့ပါဘူး။
ကိုယ့်စိတ်ကလေးက ပုံမှန်ပါပဲ။ ဥပေက္ခာဟာ
အဲဒီလို ကိုယ့်ကိုအကျိုးပြုတာပါ။
တကယ်လို့ကိုယ်က ဥပေက္ခာပါရမီကို ဖြည့်ကျင့်
ချင်တယ်ဆိုပါတော့။ ဒါဆိုရင် မနက်အိပ်ရာထ
ကိုယ်လက် သန့်စင်ပြီးတာနဲ့ ဘုရားရှေ့သွားပြီး
“မြတ်စွာဘုရား၊ဘုရား တပည့်တော် ဒီနေ့
မြတ်စွာဘုရားကို ဥပေက္ခာပါရမီနဲ့ ပူဇော်ပါမည်ဘုရား”
လို့ အဓိဋ္ဌာန်လိုက်ပါ။
စိတ်ထဲမှာလည်း အထက်က လောမဟံသဇာတ်တော်ရယ်၊
“ချီးမွမ်းလို့လည်း မသာယာ၊ ကဲ့ရဲ့လို့လည်း စိတ်မဆိုး၊
စိတ်နှစ်မျိုးမဖြစ်တာ ဥပေက္ခာ”ဆိုတဲ့ စကားစည်းမျဉ်း
လေးကိုလည်း လက်ကိုင်ထားလိုက်ပါ။
အာရုံတွေ ကြုံလာတိုင်းလည်း “ငါ ဥပေက္ခာဖြစ်အောင်
နေမယ်။ငါ ဥပေက္ခာဖြစ်အောင်နေမယ်” လို့ ထပ်ကာ
ထပ်ကာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရပါတယ်။
သတိပေးမှုနဲ့အတူ နေလည်းနေပေးရပါမယ်။
တကယ်လို့များ ဝမ်းသာတဲ့စိတ်၊ ဝမ်းနည်းတဲ့စိတ်၊
ကျေနပ်တဲ့စိတ်၊မကျေနပ်တဲ့စိတ် တစ်ဖက်ဖက်ကို
ယိမ်းနေခဲ့ရင်၊ကိုယ့်စိတ်ကလေးကို သေသေချာချာ
စိုက်ကြည့်ပြီး
“ငါ့မှာ ဥပေက္ခာမရှိဘူးဖြစ်နေတယ်။
ငါ့ စိတ်ကလေးကို ဥပေက္ခာဖြစ်အောင် နေမယ်”
လို့ နှစ်ခါ ၊ သုံးခါလောက် ဉာဏ်ဖြစ်တဲ့အထိ
ဆင်ခြင်လိုက်ပါ။ပြီးတော့ တစ်ဖက်ကို ယိမ်းနေတဲ့
ကိုယ့်စိတ်ကလေးကို အလယ်ဗဟိုကို ဖြည်းဖြည်းချင်း
ပြန်ခေါ်ပါ။ ခေါ်စမှာ ခက်ပေမယ့် ခေါ်ပါများ၊
ကျင့်ပါများလာရင် အလယ်ဗဟိုကို ရောက်လာပါလိမ့်မယ်။
ပုထုစဉ်တွေဆိုတော့ အာရုံတစ်ခုခုနဲ့ တွေ့လိုက်တာနဲ့
စိတ်ကလေးက တစ်ဖက်ဆီကို ဖြတ်ကနဲ
ယိမ်းသွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်က
သတိ ပြန်ကပ်လိုက်ဖို့ပါ။
လွယ်လွယ်ကူကူနဲ့တော့ရမှာ မဟုတ်ပါဘူး။
ကျင့်ယူရင်း ကျင့်ယူရင်းနဲ့ ကိုယ်လိုချင်တဲ့
ဥပေက္ခာပါရမီဆီကို ရောက်သွားရမှာပါ။
ကိုယ်က ဥပေက္ခာပါရမီဖြည့်ချင်တဲ့စိတ်ရှိဖို့ပဲလိုပါတယ်။
❖ကိုယ့်မှာ ဥပေက္ခာဖြစ်၊ မဖြစ် သိချင်ရင်
ကိုယ့်စိတ်လေးကို ပြန်ကြည့်လိုက်ပါ။
ဝမ်းသာတဲ့စိတ်၊ဝမ်းနည်းတဲ့စိတ်၊စိတ်တစ်ခုခု ဖြစ်နေရင်
ဥပေက္ခာပါရမီ မဖြစ်သေးပါဘူး။
ကိုယ့်စိတ်ကလေးဟာ ဘယ်ဘက်ကိုမှ မယိမ်းဘဲ၊
အလယ်မှာတည်နေမှ ဥပေက္ခာဖြစ်တာပါ။
ဥပေက္ခာပါရမီဟာ သိပ်ပြီး သိမ်မွေ့နက်နဲသလို၊
ကျင့်ဖို့လည်း သိပ်ခက်ခဲလှပါတယ်။
အမှန်တော့စာရေးသူကိုယ်တိုင် ဥပေက္ခာရဲ့ သဘောကို
ဝိုးတဝါးအသိပဲရှိပါတယ်။အဲဒီ ဝိုးတဝါးအသိလေးနဲ့ပဲ
စာဖတ်သူတွေကို စာကတစ်ဆင့် “တရားအသိလေး”
ပေးလှူရတာပါ။
ဒီနေရာမှာ ဘာကို သဘောပေါက်မိသလဲဆိုတော့
ဥပေက္ခာရဲ့သဘောကိုသိဖို့ စာသိလောက်နဲ့တင်
မလုံလောက်ပါဘူး။ လက်တွေ့သဘောနဲ့ပါ
ပေါင်းစပ်ကြည့်မှ ဥပေက္ခာရဲ့သဘောကို
ဝိုးတဝါးသိရတာပါ။
ဥပေက္ခာပါရမီရဲ့ အနှစ်သာရပိုင်းကို အပြည့်အဝ သိခွင့်
မရသေးဦးတော့ ကျင့်လို့ ဝိုးတဝါးသိခွင့်ရလိုက်တယ်
ဆိုရင်ပဲ ပုထုဇဉ်တစ်ယောက်အနေနဲ့ တော်တော်လေး
လုံလောက်သွားတာပါ။
ကိုယ်က မြတ်စွာဘုရားကို ကြည်ညိုရသူဆိုတော့
မြတ်စွာဘုရားခိုင်းထားတာကို လုပ်ကြည့်သင့်ပါတယ်။
ရတာ၊မရတာကတော့ ပါရမီရဲ့အလုပ်လို့ပဲ သဘောထား
လိုက်ပါ။
ဥပေက္ခာပါရမီကို အမြဲမဖြည့်ကျင့်နိုင်ရင်တောင်
တစ်ပတ်တစ်ခါလောက်တော့ ကိုယ့်မွေးနေ့လေးတွေမှာ
နှစ်နာရီ၊ သုံးနာရီလောက် အချိန်ပိုင်းလေး သတ်မှတ်ပြီး
ဖြည့်ကျင့်ကြည့်ပါလား။ အထုံ ဖြစ်သွားအောင်လို့ပါ။
စာရေးသူကတော့ ဥပေက္ခာရဲ့ သဘောကို စာသိ
သိရရုံနဲ့တင် ဥပေက္ခာရှိသူ သိပ်ဖြစ်ချင်တာပါ။
ဖြစ်သလား ဆိုတော့လည်း မနီးသေးသလိုပါပဲ။
ပိဋကတ်တော်ထဲက ဇာတ်လမ်းဝတ္ထုလေးတွေ
ဖတ်ရတဲ့အခါ သိပ်အားကျရတဲ့ ဇာတ်ကွက်တစ်နေရာလေး
တစ်ခု ရှိပါတယ်။ ဇာတ်ဆောင်တစ်ယောက်ဟာ
အာရုံ တစ်ခုခုနဲ့ တွေ့ပြီး သံဝေဂဖြစ်၊ အဲဒီသံဝေဂကိုပဲ
အခြေခံပြီး ဝိပဿနာရှုမှတ်လိုက်တာ တရားထူး၊
တရားမြတ်တွေ ရရသွားတဲ့ ဇာတ်ကွက်ပါ။
ဖတ်ပြီးတဲ့အခါတိုင်း အားကျစိတ်နဲ့အတူ
“ဩော် ... သူတို့ကျတော့လည်း လွယ်လိုက်တာနော်”
လို့ တွေးမိပါတယ်။တစ်ခါတလေ အာရုံတစ်ခုခုကို
တွေ့ပြီး သံဝေဂ လည်းဖြစ်မိပါရဲ့။အဲဒိသံဝေဂကို
အခြေခံပြီး တရားလည်း ရှုမှတ်ကြည့်ဖူးပါရဲ့။
ဒါပေမယ့် ဘာဖြစ်လဲ၊ ဘာမှမဖြစ်ပါဘူး။
အဲဒါ ဘာကြောင့်ပါလဲ??
❖အဖြေက ဒီလိုပါ။ ပိဋကတ်တော်ထဲက
ဇာတ်ဆောင်တွေ တရားထူး တရားမြတ်ရသွားကြတာ
ဘာကြောင့်လည်း ဆိုတာ ပါဠိလေးတစ်ခု ပါပါတယ်။
ဘာလဲဆိုတော့ ဟောတုသမ္ပတ္တိ =
“အကြောင်းရဲ့ ပြည့်စုံခြင်း” ကြောင့်ပါတဲ့။
❖အကြောင်းရဲ့ ပြည့်စုံခြင်းဆိုတာ သံသရာတစ်လျှောက်
ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတွေရဲ့ ပြည့်စုံခြင်းပါ။
ဒီတော့ ကိုယ်ကသံဝေဂဖြစ်၊ တရားရှုမှတ်ပေမယ့်
ဘာမှမဖြစ်သေးတာ ဟေတုသမ္ပတ္တိ=အကြောင်းရဲ့
ပြည့်စုံခြင်း မရှိသေးလို့ပါ။ ပါရမီ မပြည့်သေးလို့ပါ။
ဒါကြောင့် တရားထူး၊တရားမြတ်ရဖို့အတွက်
“ဟေတုသမ္ပတ္တိ” လိုပါတယ်။ “ပါရမီ” လိုပါတယ်။
ဘဝကို ဟိုတွေး ဒီတွေး၊ ဟိုပြော ဒီပြော၊
ဟိုလုပ် ဒီလုပ်၊ ဟိုသွား ဖုန်းပြောလိုက်၊စိတ်ဆိုးလိုက်၊
စိတ်ကောက်လိုက်တွေနဲ့ပဲ အဓိပ္ပါယ်မဲ့ အချိန်တွေ
ကုန်မသွားသင့်တော့ပါဘူး။ သေလည်း သေရဦးမှာပါ။
❖လူတစ်ယောက်ရဲ့ ဘဝမှာ နိဗ္ဗာန်ရဖို့သာ အဓိကပါ။
ဒါကြောင့် မနက်အိပ်ရာကထတာနဲ့
“ငါ နိဗ္ဗာန်ရဖို့ အဓိက၊ ငါ ပါရမီတွေဖြည့်ရမယ်”
လို့ သုံးလေးခါလောက် ဆင်ခြင်လိုက်ပါ။
စာရေးသူကတော့ အဲဒီလို ဆင်ခြင်ဖြစ်လိုက်ရင်ပဲ
စိတ်စွမ်းအားတစ်ခု ရင်ထဲကို ရောက်ရောက်လာတယ်
လို့ ခံစားရပါတယ်။ အဲဒီလို ဆင်ခြင်ရင်း ရရှိတဲ့
စိတ်စွမ်းအားတစ်ခုနဲ့တောင် ဘဝတစ်နေ့တာကို
ကောင်းကောင်းဖြတ်သန်းလို့ ရသွားတာပါ။
နိဗ္ဗာန် = ပါရမီတွေနဲ့ ယှဉ်လိုက်ရင် တွေ့ကြုံနေရတဲ့
လောကီအာရုံတွေဟာ ဘာမှ မဟုတ်တော့ပါဘူး။
အဓိကနဲ့ သာမညကို အသိထဲမှာ ကွဲသွားတဲ့အတွက်
စိတ်ကလည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားတော့တာပါ။
တရားလိုချင်တဲ့သူဟာ သံယောဇဉ်တွယ်တာ
သမျှတွေကို စွန့်ရမှာပါ။ စွန့်ပြီး ကျင့်မှလည်း
ကိုယ့်ရဲ့ တရားလမ်းကြောင်းက အဆင်ပြေမှာပါ။
သံယောဇဉ်တွယ်တာသမျှတွေနဲ့ တရားကျင့်နေရင်
ကိုယ်ကျင့်တဲ့ တရားလမ်းကြောင်းအတွက်
အနှောက်အယှက် ဖြစ်နေပါလိမ့်မယ်။
စိတ်ရှင်းနေမှလည်း တရားမှတ်လို့ ကောင်းတာပါ။
စိတ်ရှင်းနေဖို့ အတွက်လည်း တွယ်တာသမျှ
သံယောဇဉ်တွေကို ဖြတ်ရပါမယ်။
စွန့်သင့်တဲ့အချိန်မှာ စွန့်လိုက်တာကတော့
အကောင်းဆုံးပါပဲ။ စွန့်ပြီးကျင့်ခဲ့လို့ ကိုယ့်ရင်ထဲမှာ
တရားအသိတွေ ရောက်လာတဲ့အခါ တစ်ချိန်က
ကိုယ်သံယောဇဉ် တွယ်တာခဲ့ရသူတွေကို
တရားနဲ့ ပြန်ကူညီလို့ ရပါတယ်။
တရားနဲ့ကူညီတာကတော့ လောကမှာ အမြတ်ဆုံး
ကူညီမှုပါ။ကိုယ်သံယောဇဉ် ရှိခဲ့တဲ့သူတွေကို
အမြတ်ဆုံး ကူညီမှုတွေနဲ့ ကူညီချင်တယ်
ဆိုရင်တော့ စွန့်သင့်တာတွေကို စွန့်ပြီး
ကျင့်ရမှာပါ။ အထူးသဖြင့် ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့
“သံယောဇဉ်စိတ်” ကို စွန့်ရမှာပါ။
ဘုရားအလောင်းတော်မြတ်ဟာ သံသရာတစ်လျှောက်
သက်ရှိသက်မဲ့အရာအားလုံးကို စွန့်ပြီးကျင့်ခဲ့တာပါ။
စွန့်ပြီးကျင့်ခဲ့လို့ သိခဲ့တဲ့တရားအသိတွေနဲ့ပဲ
သံသရာတစ်လျှောက် သတ္တဝါအားလုံးကို အမြတ်ဆုံး
ကူညီမှုတွေနဲ့ ကူညီခဲ့နိုင်တာပါ။ ဒါကြောင့်
စွန့်သင့်တဲ့အချိန်မှာ စွန့်သင့်တဲ့ အရာကို
စွန့်လိုက်တာကတော့ အကောင်းဆုံးပါပဲ။
❖တစ်သက်လုံး ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့
လူမှုရေးကိစ္စတွေလောက်နဲ့ပဲ ဘဝတစ်နေ့တာ
ကုန်ကုန်သွားနေရရင် ဘဝဟာ ပန်းတိုင်
ပျောက်နေသလိုပါပဲ။ကိုယ့်ကိုယ်ကိုယ် ပန်းတိုင်
မပျောက်ဖို့ သိပ်အရေးကြီးပါတယ်။
လူတစ်ယောက်ဟာ နိဗ္ဗာန်လိုချင်တဲ့စိတ်
များများရှိ နေဖို့ပဲလိုပါတယ်။ နိဗ္ဗာန်လိုချင်တဲ့စိတ်
များများရှိနေရင် တော်ရုံတန်ရုံ အကုသိုလ်စိတ်လည်း
မဝင်တော့ပါဘူး။
❖ဒီစကားတွေဟာ စာဖတ်သူကို ရင်ထဲက ပြောတာပါ။
သံသရာကျင်လည်ရတာလည်း များလှပါပြီ။
နောင်ကျင်လည်ဖို့လည်း ငြီးငွေ့သင့်လှပါပြီ။
ဒါကြောင့် “ဘဝမှာ နိဗ္ဗာန်ရဖို့ အဓိက”ဆိုတဲ့ အတွေးလေး
တစ်ခု စာဖတ်သူရဲ့ ရင်ထဲကိုရောက်သွားတယ် ဆိုရင်ပဲ
စာရေးသူ ဒီစာကို ရေးရကျိုးနပ်ပါပြီ။
ဘာပဲပြောပြော ဒီစကားတွေဟာ စာဖတ်သူကို ရင်ထဲက
မေတ္တာဓာတ်အပြည့်နဲ့ ပြောဖြစ်တာပါ ဆိုတာကိုတော့
သစ္စာပြုရင်း ပါရမီဆယ်ပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
“စာဖတ်ပရိသတ်အားလုံး စိတ်ကောရုပ်ကော
ချမ်းသာကြပါစေ။ ။”
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
ကျမ်းကိုး။ ။
၁။လယ်တီဒီပနီ၊ စတုတ္ထတွဲ၊ ဥတ္တမပုရိသဒီပနီ။
(လယ်တီဆရာတော်ဘုရား)
၂။မဟာဗုဒ္ဓဝင် ပထမတွဲ၊ပထမပိုင်း။
(မင်းကွန်းတိပိဋကဆရာတော်ဘုရား)
၃။ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့၏
အနှိုင်းမဲ့ကျေးဇူးရှင်။(ဆရာကြီးဦးရွှေအောင်)
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊အောက်တိုဘာ၊၂၀၀၇။
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
(✦“ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။
သို့သော် တစ်သက်လုံးကား
လိပ်ပြာလုံစေတော့၏။။”✦)

No comments:
Post a Comment