Myint Swe Mg Thonnya shared Tin Maung Hlaing's photo.
Tin Maung Hlaing
ပညာရှိသော ကျစွာမင်းကြီး
ပုဂံ၌ ကျစွာမင်းသည် ၅၉၆ မှ ၆၁၂ ခုထိ မင်းပြု၏။ ဤမင်းသည် သနားကြင်နာတတ်သော စိတ်ရှိ၏။ ပိဋကတ် သုံးပုံကို ကိုးခေါက် တိတိ ပြန်၍ သင်ကြားမိသဖြင့် စာပေကျမ်းဂန်၌ အလွန်တတ်မြောက်တော် မူ၏။ ထိုအခါ ပြိုင်ဘက်မရှိသလောက် ဖြစ်၏။ ရဟန်း ၊ သံဃာ တို့ကိုပင် တစ်နေ့လျှင် ခုနှစ်ကြိမ် စာပို့ချတော်မူ၏။ သဒ္ဒဗိန္ဒုကျမ်း ၊ ပရမတ္တဗိန္ဓုကျမ်း များကို ရေးသားတော်မူခဲ့၏။

တူးရွင်းတောင်ခြေက ကျသောရေကို ကန်ဆည်၍ တဲနန်းဆောက်လုပ်ပြီးလျှင်
စာပေပို့ချခြင်းဖြင့်သာ အချိန်ကုန်စေ၏။ စာပေလိုက်စားအား ကြီးလေသဖြင့်
တိုင်ရေးပြည်မှုတို့ကို ပြန်မကြည့်နိုင်ဘဲ သားတော် အိမ်ရှေ့မင်း ဥဇနာကို
ကြည့်ရှုစီမံ စေရ၏။
ထိုမင်း ဘုရားစေတီ တည်သည်မှာလည်း စာပေကိုသာ စိတ်ဝင်စားနေသဖြင့် အစီအမံ ညံ့သောကြောင့် မပြီးမစီး ရှိလေ၏။ ဘုရားမှာ တည်မည်ဟု အုတ်စ၍ လုပ်သည်မှာ ပြဿဒါးနေ ၊ ပန္နက်ချသည်မှာလည်း ပြဿဒါးနေ့ ၊ အုတ်မြစ်ချသည်မှာလည်း ပြဿဒါးနေ့ ၊ အလုံးစုံ စ၍ လုပ်သမျှမှာ ပြဿဒါးနေ့ ကျလေသဖြင့် ' ပြဿဒါးဘုရား ' ဟု ခေါ်တွင်သည် ဆိုကြသည်။
[မှတ်ချက်။ ။ မုံရွေးဆရာတော် ရေးသော စေတီယ ကထာ၌ကား ' ပြသာဒ်ဘုရား ' ဟု ပါရှိ၏။ ပါဠိခေါ် ပါသာဒ ၊ သင်္သကရိုက်ခေါ် ပြာသာဒ ၊ မြန်မာကမူ သင်္သကရိုက် နောက်သို့လိုက်၍ ပြာသာဒ်ဟု ယခု ခေါ်သည်။ ပါသာဒ ၊ ပြာသာဒ တို့မှ လှပတင့်တယ် ကြည်ညိုဖွယ် ဟူသော အနက်သဘော ရှိလေရကား ဤကျစွာမင်း၏ ' ပြဿဒါး ' ဘုရားမှာ တင့်တယ် ကြည်ညိုဖွယ်သော ' ပြဿဒ = ပြာသာဒ်ဘုရား ' ဟု အမည်တွင်ရင်း ရှိဟန်တူသည်။ ပြဿဒါးရက်များနှင့် ဆိုင်ဟန် မတူလေ။ ]
ကျစွာမင်းကြီးဆည်၍ စာချရာဖြစ်သော မြကန်ဘွဲ့လင်္ကာ
(ထိုမင်းလက်ထက်က ရေးဟန်တူသည်။)
မြကန်သာ ၊
တောင်ကျချောင်းတေး ၊ ရေဝင်ပြေးလှည့် ၊
ရေအေးကြည်စွာ ၊ ကန်ပိုင်မာလျက် ၊
ကြာပေါင်းထုံထုံ ၊ ငှက်မျိုးစုံသည် ၊
ဝတိံသာက ၊ နန္ဒာလော တူစွာ ၊ ဟုတ္တာ
ကန်ပိုင် = ကန်ပေါင်။
ဟုတ္တာ = ဟုတ်သည် ၊ ဟုတ်သတည်း။
ဦးကျည်ပွေ့ခေါ် ရှင်ဒိသာပါမောက်
ပုဂံပြည် ကျစွာမင်းကြီး လက်ထက်၌ (၅၉၆ - ၆၁၂) အသက် ၆၀ ရွက် ရဟန်းအိုကြီးတစ်ပါး ရှိ၏။ အမှတ်မဲ့နေမိ၍ ပိဋကတ်စာပေ မတတ်လေ။
ထိုရဟန်းကြီးသည် နေ့တိုင်း သွားတိုက်သော တံပူ (သွားတိုက်တံ) တို့ကို ကျောင်းအောက်ရှိ လေးတောင်မျှ နက်ကျယ်သော တွင်းထဲသို့ ပစ်ချလေ့ရှိ၏။ ချဖန်များသော် ထိုတွင်းပြည့်မောက်သွားလေ၏။
တစ်နေ့၌ ရဟန်းကြီးသည် ထိုတံပူတို့ကို ကြည့်၍ ဤသို့ တွေးတောမိ၏။ " ငါသည် တစ်နေ့လျှင် တံပူ တစ်ချောင်းမျှသာ တိုက်၍ ပစ်ခဲ့ရာ ယခု တွင်းပြည့်လေပြီ။ ဤမျှ သေးငယ်သော တံပူတို့ပင် ဖြစ်သော်လည်း နေ့စဉ်မှန်မှန် ပစ်ချ၍ ကာလကြာသော် တွင်းတစ်ခုလုံး ပြည့်လေပြီတကား။ ငါသည် ယခုအသက် ၆၀ တိုင် အမှတ်မဲ့နေခဲ့၍ စာပေမတတ် ရှိခဲ့သည်။ တစ်နေ့တစ်နေ့တွင် ယခုတံပူလောက် အနည်းငယ် စာပေသင်ခဲ့ပါလျှင် ကာလကြာသော် များစွာတတ်ရန် ရှိပေသည် " ဟုတွေးတော သတိရလေ၏။
သတိရသည့်အတိုင်း စာပေ သင်တော့အံ့ဟု ကျစွာမင်းထံသို့ ဝင်၍ ကံ့ကူဆံ အလှူခံလေ၏ (ရှေးက ပုရပိုက်တွင် ကံ့ကူဆံနှင့် စာရေးကြသည်)။ မင်းကြီးက " အရှင်ဘုရား အသက်ကြီးလှလေပြီ ၊ ယခုမှ စာသင်၍ အဘယ်မှာ တတ်နိုင်တော့မည်နည်း။ ကျည်ပွေ့အတက်ပေါက်မှ စာတတ်လိမ့်မည် " ဟု ပြက်ရယ်ဆို၍ ကံ့ကူဆံကို လှူလိုက်၏။
ရဟန်းကြီးကား ပြက်ရယ်ပြုသည်ကို စိတ်တွင်မှတ်၍ ထွက်ခဲ့၏။ မိမိကြံစည်ရင်းအတိုင်း စာပေတို့ကို တစ်နေ့လျှင် တံပူတစ်ထောက် (တစ်ထွာခန့်) မျှသာ ကျေကျေ ချောချော မိမိရရ ကြိုးစား၍ သင်လေ၏။ ကာလများ မကြာမီပင် အကယ် စာပေတတ်မြောက် တစ်ဖက်ကမ်းရောက် ဖြစ်လေ၏။
ထိုအခါ ယခင် ကျစွာမင်းကြီးက ပြက်ရယ်ဆိုလိုက်သည်ကို ပြန်၍ ချေပလိုသည်နှင့် ရဟန်းကြီးသည် ကျည်ပွေ့ တစ်ခုတွင် အတက် ပေါက်နေဟန် သစ်ခက်စိမ်းများ ပတ်ချည်၍ လက်က မြှောက်ကိုင်ပြီးလျှင် နန်းတော်သို့ ဝင်လေ၏။
ကျစွာမင်းကြီးလည်း ထူးထူးဆန်းဆန်း ပြု၍ ဝင်လာသော ရဟန်းကြီးကို မမှတ်မိ ၊ အံ့ဩစွာဖြင့် ကြည့်နေပြီးမှ အကြောင်းခြင်းရာ တို့ကို မေးရလေ၏။
ထိုအခါမှ ရဟန်းကြီးက " ဒါယကာ မင်းကြီး တစ်ခါက ငါ့ကို ' ကျည်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည် ' ဟု ဆိုလိုက်သည်ကို မှတ်မိပါသေး၏လော ၊ အေး ယခု ကျည်ပွေ့ အတက်ပေါက်လာပြီ ၊ မမြင်သလော " ဟုဆိုကာ ကျည်ပွေ့ကို ပြလေသည်။
မင်းကြီးလည်း သတိရ ဝမ်းမြောက် ကြည်ညိုခြင်းဖြစ်၍ တောင်းပန်လေ၏။ ရဟန်းကြီးက ဆက်၍ " ငါယခု စာတတ်ပြီ ၊ မေးလိုရာ မေးလော့ " ဟု ခပ်မာမာပင် မိန့်ဆိုလေ၏။ ထိုအခါ ကျစွာမင်းနှင့်တကွ နေပြည်တော် လေးပြင် လေးရပ်ရှိ စာတတ် ပေတတ် ဆရာတော် အကျော်အမော်တို့က ခက်ခက်ခဲခဲ နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းမေးမြန်းကြရာ အလုံးစုံကိုပင် လျင်မြန်ချောမောစွာ ဖြေဆိုနိုင်လေ၏။
ထိုသည့်နောက် ပညာဂုဏ်မောက်သော ရဟန်းကြီးက ထပ်လောင်း၍ ဆိုပြန်သည်ကား " ယခု ငါသည် အေးအေးဆေးဆေး ၊ ရွှင်ရွှင် ကြည်ကြည် ဉာဏ်ပွင့်လင်းနေ၍ ဖြေရသည်မှာ လွယ်၏။ သို့ကြောင့် ငါ့ကို ရေတွင် နှစ်ထားပါ။ မွန်းလောက်သည်ရှိမှ ဖော်၍ ပေါ်လျှင် ပေါ်ချင်း မရွှင်မကြည် မရှင်းမလင်း ရှိစဉ် အမြန်မေးပါ ၊ ထိုအခါမှာပင် ငါ ဖြေဆိုပြမည် " ဟုဆိုလေ၏။
သည်အတိုင်း ကန်တစ်ခုတွင်နှစ်၍ ဖော်ပြီးသည်နှင့် တစ်ပြိုင်နက် မေးမည့်ပုဂ္ဂိုလ်က မေးမည်ဟု မမေးမီ ' အဟမ်း ' ဟု ချောင်းဟန့် လိုက်သည်။ ရဟန်းကြီးက ပါဠိဘာသာ ' အဟံ ' ကို မေးသည်ထင်၍ ထို ' အဟံ ' ကို သဒ္ဒါနည်းအရ အလျင်အမြန်ပင် ချောချောမောမော ယုဂ် ထွက်ပြလိုက်လေ၏။
ထိုအခါ မေးသည့်ပုဂ္ဂိုလ်တို့မှာ ပြုံးရယ်၍ မမေးဝံ့ကြတော့ဘဲ လက်လျှော့လိုက်ကြ လေ၏။ ပြီးလျှင် ရဟန်းကြီးက " ငါ့ရှင်တို့ ငါ့ကို မေးကြသည်မှာ များပြီ ၊ ငါကလည်း မေးပါရစေ " ဟု ဆို၏။ " မေးပါတော့ " ဆိုကြမှ ပုစ္ဆာ တစ်ခုကို မေးလိုက်ရာ မဖြေနိုင်ကြ ရှိသောဟူ၏။
(ပုစ္ဆာမှာ " အညသမန်း စေတသိတ်၌ အည၏ အပါဒါန်ခံ၍ ပြကြစမ်းပါ " ဟူသတည်း။)
ဤသို့လျှင် ရဟန်းကြီး ကျော်စောကာ မင်းနှင့်တကွ အများပြည်သူတို့ ကိုးကွယ်ကြ၏။ မင်းကလည်း " ဒိသာပါမောက္ခ " ဟူသော ဘွဲ့တံဆိပ်ကို လှူတော်မူ၏။ ကျည်ပွေ့ အတက်ပေါက် ဆိုသောစကား အဖြစ်အပျက်နှင့် စပ်၍ ' ဦးကျည်ပွေ့ ' ဟုလည်း သာ၍ပင် ထင်ရှားကျော်စောလေသတည်း။
ကျစွာမင်း ၊ သား ဥဇနာမင်း ၊ သား နရပတေ့ခေါ် တရုတ်ပြေးမင်း အထိ ဆက်၍ ကိုးကွယ်ကြ၏။
တရုတ်ပြေးမင်း လက်ထက် ၆၄၆ ခုတွင် တရုတ်စစ်ကြီးရောက်၍ တရုတ်ပြည် တရုတ်ဘုရင်ထံသို့ သံတမန် စေလွှတ်ရန် ပေါ်ပေါက်လာသောအခါ ဤစာတတ်ပေတတ် နှုတ်ရေးကောင်း၍ ပညာအမြော်အမြင်နှင့် ပြည့်စုံသော အရှင် ဒိသာပါမောက်ကို လွှတ်ရ၏။ ထိုအရှင်သည် တရုတ်မင်းနှင့် စကားပြောပုံ ၊ ဆောင်ရွက်ပုံတို့မှာ အလွန် မှတ်သားဖွယ်ကောင်း၏။ အမောင်တို့ ကြီးသောအခါ ထို (ရှင်ဒိသာပါမောက္ခ ကျောက်စာ) ကို ဖတ်ကြည့်ကြလေ။ ယခုအခါ ပုဂံမြို့ ပြတိုက်တွင် ထား၏။ ပုံနှိပ်စာလည်း ရှိလေပြီ။
Posted by မင်းအရိပ်

Myint Swe Mg Thonnya shared Tin Maung Hlaing's album.
Tin Maung Hlaing added 46 new photos to the album တကောင်း သရေခေတ္တရာ နှင့် ပုဂံ ခေတ်.
ပုံတွေကိုနှိပ်လိုက်ပါက အကြောင်းအရာများကို ဖတ်ရှူနိုင်ပါသည်

!["အနန္တသူရိယအမတ်
သက္ကရာဇ် ၅၃၆ ခုတွင် ပုဂံ၌ နရပတိစည်သူသည် နောင်တော် မင်းယဉ်နရသိင်္ခကို လုပ်ကြံ၍ နန်းတက်၏။ ထိုအခါ နောင်တော်၏ အထိန်းတော်သား အနန္တသူရိယ ကိုလည်း သတ်လေဟု သူသတ်တို့အား အပ်လေ၏။
အန န္တသူရိယသည် ရဲရင့်တည်ကြည် နှလုံးရည်ရှိသူ ဖြစ်၍ သတ်မည့်ဆဲဆဲတွင် စာလင်္ကာလေးပိုဒ် ရေးဆို၍ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။ သူသတ်တို့လည်း သတ်ပြီးမှ မင်းကြီးအား စာကို ဆက်ကြ၏။
ထိုစာကား
သူတည်းတစ်ယောက် ၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက်
ခဏတက်သည် ၊ ရေပွက်ပမာ ၊ တစ်သက်လျာတည်း။
ကြင်နာသနား ၊ ငါ့အားမသတ်
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ
လူတကာတို့ ၊ ခန္ဓာခိုင်ကျည်
အတည်မမြဲ ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ ၊ သတ္တဝါတည်း။
ရှိခိုးကော်ရော် ၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက်
သံသာစက်၌ ၊ ကြိုက်လတွန်မူ
တုံ့မယူလို ၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို ၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း။
ဤစာလေးပိုဒ်ကို ဖတ်စေ၍ ကြားတော်မူရလျှင် " လွှတ်စေ " ဟု မိန့်တော်မူ၏။ သူသတ်တို့ကလည်း " လက်လွန်လေပြီ " ဟု လျှောက်ကြ၏။ " နင်တို့ မသတ်ခင်က ဤစာကို ဆက်ကောင်းသည် ၊ ယခု သတ်ပြီးမှ ဆက်ရာသည်လော " ဟု သူသတ်တို့ကို မျက်ပြန်လေ သတည်း။
မင်းကြီးသည် အလွန် နောင်တကြီးစွာရကာ ထိုနေ့မှစ၍ အမျက်တော်ကို ချုပ်သိမ်း ဆီးတားတော်မူ၏။ " နောက်နောင် ငါ အမျက်တော်ရှိ၍ သတ်လေဟု မိန့်သော်လည်း ချက်ချင်း မသတ်နှင့် ၊ တစ်လ လေးသီတင်း ထား၍ စစ်ကြောဘိ ၊ သေတန်မှ သေပါစေ " ဟု မင်းဆွေစိုးမျိုး ဖြစ်သော မဟာသမန်းကို မိန့်တော်မူ၏။
ဤတွင် အန န္တသူရိယ အမတ်၏ သဘောထားကြီးခြင်း ၊ တရားပြည့်ခြင်း ၊ ရဲရင့်ခြင်းတို့ကို ပြပေသည်။ အထူးကား သေရအံ့ဆဲဆဲ၌ စိတ်တုန်လှုပ်ခြင်းမရှိ လင်္ကာပြေချော တရားသဘော ပါဝင်သော ကဗျာကို ရေးစွမ်းနိုင်ပေသည်။ ဤစာကို တွေ့ရပြီးနောက် နရပတိစည်သူ မင်းကြီး နောင်တကြီးစွာ ရသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ချေ။
လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော အနန္တသူရိယ
ပုဂံ နရပတိစည်သူ မင်းကြီးသည် တစ်ရံခါသော် စစ်ကိုင်း တစ်ဖက်ရှိ ဘုရားနှစ်ဆူကို ထီးတော်တင်မည်ဟု ရွှေဖောင်တော်နှင့် ဆန်လာခဲ့၏။ ထိုအခါ မိကျောင်းကြီး တစ်ကောင်သည် ရွှေဖောင်ကို ကျောကုန်းဖြင့် ရွက်၍ ချုပ်ကိုင်လေ၏။ ရမန်ငထွေး ဟူသော သူရဲကောင်းသည် ရေထဲသို့ဆင်း၍ ငုပ်ပြီးသော် မိကျောင်းနှင့် ဖက်သတ်ကာ သန်လျက်ဖြင့် ထိုးလေရာ မိကျောင်း သေလေ၏။
ဤသူရဲကောင်းသည် ကျားကို တစ်ယောက်ချင်း ၊ ဆင်ကို တစ်ယောက်ချင်း သတ်နိုင်၏။ ဆင်တို့ ၊ ကျားတို့မှာ ကုန်းပေါ် ဖြစ်၍ သတ်နိုင်သည် ရှိစေ ၊ မိမိ မမြင်နိုင်သောနေရာ မိကျောင်း၏ နယ်ဖြစ်သော ရေထဲသို့ဆင်း၍ သတ်ဝံ့သည်မှာကား အလွန်အံ့ဩ ချီးမွမ်းဖွယ် ဖြစ်၏။
မင်းကြီးလည်း ဤရဲရင့်သော ရမန်ငထွေးကို ' အနန္တသူရိယ ' ဟူသော အမည်ကို ပေးတော်မူ၏။ ထိုနေ့မှစ၍ ရပ်စွန်ပြည်နား၌ ခိုးသား ၊ စားပြ ၊ သူပုန် ၊ သူကန် ရှိသောအခါ အနန္တသူရိယ ကိုသာ စေတော်မူ၏။ အနန္တသူရိယလည်း ရန်သူကို အရှင်ရအောင် ဖမ်းယူခဲ့သည်သာ များ၏။
နှလုံးရည်ဘက်ကလည်း ပြည့်စုံ၏။ ထိုအမတ် သူရဲကောင်းသည် ပေါင်းလောင်းရှင် မဟာကဿပ မထေရ်ကြီးကို ဆရာပြု၍ ဘုရား ၊ သိမ် ၊ ကျောင်းကြီးစွာ ဆောက်လုပ်ပြီးသော် ထိုလှူသောတန်ဖိုး စရိတ်တို့ကို စာရင်းရေး၍ မင်းကြီး ရှေ့တော်ဝယ် ဖတ်စေပြီးသော် သာဓု ခေါ်တော်မူရ၏။
မင်းကြီးကလည်း အနန္တသူရိယသည် ငါ၏အကျိုးကို ယခုဘဝအတွက် ၊ နောင်သံသရာအတွက် နှစ်ရပ်လုံး ဆောင်ရွက်ပေသည်ဟု မိဖုရားငယ်တွင် မြင်သော (ဇေယျသိင်္ခ၏ နှမတော်) မင်းသမီးနှင့် စုံဖက်တော်မူ၍ ကြီးစွာသော အဆောင်အရွက်တို့ကို ပေးသနားတော် မူလေသတည်း။
ကြင်နာစွာသော မိဖုရားအကြောင်း
ပုဂံ နရပတိစည်သူမင်း (၅၃၆ - ၅၇၃) တွင် မိဖုရားအများ ရှိသည့်အနက် ဥယျာဉ်သည် သမီး မိဖုရားမှ သားတော် ဇေယျသိင်္ခ ကို ဖွားမြင်တော်မူသည်။
တစ်ခါသော် မင်းကြီး၏ လက်တော်၌ ခူနာသည် ဆေးထည့်သော်လည်း မသက်သာ ၊ အလွန် ကိုက်ခဲလျက်ရှိရာ ထို ဇေယျသိင်္ခ မယ်တော်က ခံတွင်းဖြင့် ငုံထားမှ အကိုက် သက်သာလေသည်။ ငုံဖန်များသော် ငုံနေစဉ်မှာပင် အနာပြည် ပေါက်လေ၏။ ပြည်ကိုထွေးလျှင် မင်းကြီးစက်တော်ခေါ်မှ နိုးမည်စိုးသဖြင့် ပြည်ကို မျိုချလိုက်လေ၏။
ထိုအကြောင်းကို မင်းကြီး သိရသော် ဤမိဖုရားလောက် ငါ့ကို ချစ်ကြင်နာသူ မရှိပြီဟု မှတ်ယူတော်မူ၍ " နင် ကြိုက်ရာဆုကို တောင်းလေ ၊ ငါ ပေးအံ့ " ဟု မိန့်တော်မူ၏။ မိဖုရားလည်း " အရှင်မင်းကြီး အခြားဆုကို မလိုပါ ၊ သားတော် ဇေယျသိင်္ခ ကိုသာ နန်းစာင့်ထား၍ နန်းမွေပေးတော်မူပါ " ဟု တောင်းလေ၏။
မင်းကြီးလည်း ကတိအတိုင်း ဇေယျသိင်္ခကို နန်းစောင့်ထား၍ အခြား သားတော်ကြီး လေးပါးကိုကား မြို့စားနယ်စား ပေးတော်မူ၏။
ဇေယျသိင်္ခသည် အလွန် နူးညံ့သိမ်မွေ့ လိမ္မာသော မင်းသားဖြစ်၍ နောင်တော်ကြီးများထံသို့ သီတင်းနေ့တိုင်း သွားရောက် ရိုသေခယစွာ ဝတ်ပြုလေ့ရှိ၏။ ဤသို့အားဖြင့် နောင်တော်များကလည်း ဇေယျသိင်္ခကို ချစ်ကြည်ဖြူ ကြကုန်၏။
တစ်ခါသော် ခမည်းတော်က " သားတော် ငါးပါး အလယ်တွင် ထီးဖြူစိုက်၍ ဓိဋ္ဌာန်မည် ၊ ထီးဖြူညွတ်သော သားတော်သာ ထီးနန်းကို စိုးစံရမည် ၊ အခြားသားတော်တို့က ထီးနန်း စိုးစံရသူကို ဝိုင်း၍ ကူညီစောင့်ရှောက် ကြရမည် " ဟု မိန့်တော်မူသည်။
သားတော်တို့က သဘောတူ၍ " မင်းဖြစ်ထိုက်သူသို့ ထီးဖြူ ညွတ်စေသတည်း " ဟု ဓိဋ္ဌာန်လိုက်ရာ ဇေယျသိင်္ခ ရှိရာဘက်သို့ ညွတ်လေ၏။ ဤသို့လျှင် ခမည်းတော်ကလည်း ဇေယျသိင်္ခကို မင်းဖြစ်စေလိုသည်။ သားတော်ကြီးများကလည်း ကြည်ဖြူသည်။ ယခု ထီးတော်ကလည်း လိုလားသည်။ သို့ကြောင့် ဤဇေယျသိင်္ခမင်းကို " ထီးလို မင်းလို " ဟုလည်း ခေါ်ကြကုန်၏။
ထိုအဓိဋ္ဌာန်၍ ထီးဖြူစိုက်သော နေရာကို နောင်သိမှတ်ရန် အလို့ငှာ ဘုရားတည်ထား၏။ ထိုဘုရားကို " ထီးလိုမင်းလို ဘုရား " ဟု ယခုတိုင် ခေါ်ဝေါ်ကြ၏။
ပညာရှိသောသံပျင်မင်းသမီး
ပုဂံပြည်၌ ကျစွာမင်းသမီး ဟူ၍ လည်းကောင်း ၊ နရပတိစည်သူမင်း၏ သမီး ဟူ၍လည်းကောင်း ကျော်စော သော သံပျင် မင်းသမီးမှာ စာပေ ကျမ်းဂန် အလွန်ပင်တတ်၍ ရဟန်းတော်များကိုပင် စာပေ ပို့ချရ၏။ ဤ သို့ စာချရာ၌ ရဟန်းနှင့် မိန်းမ မသင့်လျော် သဖြင့် တင်းတိမ် ကာရံ၍ ပေးရ၏။ အပြင်က စာလိုက်သော ရဟန်းတို့သည် မင်းသမီးကို မမြင်ကြရချေ။
ဤသို့ ပို့ချ၍ ကာလအတန်ကြာသော် ရဟန်းပျို တစ်ပါးသည် မင်းသမီး အသံကို တပ်မက်၍ စိတ်ဖောက် ပြားကာ လူကို မြင်ရအောင် ကြံမည်ဟု တစ်နေ့၌ မိမိတက်သော စာ၏ အဆုံးနားက " ဟိံဇာလေ ဟေဟေးလား " ဟု ဆက်လက်၍ ရေးထားလေ၏။
စာရင်းကိုတက်၍ အပြီး၌ မိမိကြံဖန် ရေးထားသော စာကို ဆက်၍ " ဟိံဇာလေ ဟေဟေးလား " ဟု ဖတ်ရွက်လိုက်သောအခါ တင်းတိမ်တွင်းရှိ မင်းသမီးက " ငါ့ရှင် စာ၌ မရှိသည်ကို အဘယ်ကြောင့် ရွတ် ဆို သနည်း " ဟုဆို၏။ " မင်းသမီး စာရှိ၍ ငါ ရွတ်သည် ၊ မယုံလျှင် ကြည့်ပါတော့ " ဆိုသဖြင့် မင်းသမီးက တင်း တိမ်ကို ဖွင့်၍ကြည့်ရာ အကယ်ပင် စာရှိသည်ကို တွေ့ရလေ၏။
ထိုအခါ မင်းသမီးက " ဤစာသည် အပိုသက်သက် ဖြစ်သည်။ သို့ရာတွင် အချည်းအနှီး မဖြစ်စေရ။ ကျွန်ုပ်က သင့်လျော်အောင် အနက်ပေးလိုက်မည် ၊ လိုက်ဆိုပေတော့ " ဆို၍ ဤသို့ အနက်ပေး၏။
" ဟိံ တံငါတို့သည် ' ဇလေ ' ကွန်ရွက်တို့ကို ' ဟေဟေးလား ' ဆွဲကြကုန်၏။ "
ဤသို့ အနက်ပေးသဖြင့် ချောမော၍ သွားလေ၏။ သို့ရာတွင် ရဟန်းပျိုမှာကား အသံကို စွဲလမ်းရာမှ ယခု ရုပ်ပုံကို ပိုမိုစွဲလမ်းလေရာ မစားနိုင် မအိပ်နိုင် လူးလဲ၍ ဆင်းရဲကြီးစွာ ရောက်ရလေ၏။
ခမည်းတော် မင်းကြီး ကြားသော် ထိုရဟန်းပျိုအား " ငါ့ရှင် အသက်သေရမည်လောက် စွဲလမ်းတက်မက်လျှင် ငါ့သမီးတော်ကို ပေးမည်။ သို့ရာတွင် ငါ့ရှင်မှာ ပညာတတ် ပုဂ္ဂိုလ်ဖြစ်သည်။ သို့ကြောင့် သာသနာ၌ နောင် အကျိုးများမည့် ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးခဲ့ပါဦး။ ပြီးသောအခါ ငါ့ သမီးတော် ကို ပေးပါမည် " ဟု ဆိုလေ၏။ ရဟန်းပျိုလည်းဉာသိကျမ်း၏ အဖွင့်ဋီကာကို ရေးလေသည်။
ဤရဟန်းလူထွက်ကား သံပျင်အမတ် ရာထူးကို ပေးတော်မူ၏။ ဤကိုစွဲ၍ အမတ်ကိုလည်း ' သံပျင်အမတ် ' ၊ မင်းသမီးကိုလည်း ' သံပျင်မင်းသမီး ' ၊ ဋီကာကိုလည်း ' သံပျင်ဋီကာ ' ဟု ခေါ်တွင်လေသတည်း။
[မှတ်ချက်။ ။ ' သံပျင် ' ဆိုသည်မှာ ရှေးစကား ၊ ရွာအများကို ကြီးကဲအစိုးရသော အမတ်အရာရှိကို ခေါ်သည်။ ' ကလန် ' မှာ တစ်ရွာတည်းကို ကြီးကဲ အုပ်စိုးရသော အမတ်အရာရှိကို ဆိုသည်။]
Posted by မင်းအရိပ်"](https://scontent.fbkk1-2.fna.fbcdn.net/v/t1.0-0/p235x165/14591838_353030275035901_8550481973784919380_n.jpg?oh=4b8666a3afda9a74b00d382caa9fdea3&oe=588F409E)

No comments:
Post a Comment