#ပင်းမြို့ဟောင်း . . . . .
#မြန်မာအစ_တကောင်းက_ပြောကြစဉ်အလာ #သာကီနွယ်ရင်း_ဝင်ရောက်ခြင်း_မင်းအဘိရာဇာ . . .
ရာမပေါက္ကံ ထေရ်အရဟံဟု
ဈာန်သမာပတ် အဘိဉာဉ် ဝင်လတ်၍
မြတ်ဗုဒ္ဓဟေ ပင်ရုက္ခေကို
သီဟိုဠ်နန်းငယ်က ပင့်လှမ်းကာဆောင်ခဲ့
အောင်သီရိ ပင့်နဂရာ
တော်လေးဖြာ ရာတင်ထူ၍
ဂူလေးဂူ အသရေတင့်ပါတဲ့
ရွှေပင်းဟု ခုတိုင်တွင်
ပြည်ခွင် အေးပြန်တော့တယ်လေး . . . ။
#နတ်မောက်ဦးကြော့
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က သာကီဝင်မင်းမျိုး အဘိရာဇာဟာ အိန္ဒိယပြည် အလယ်ပိုင်းကနေ တကောင်းကို လာရောက် အုပ်စိုးခဲ့ပါတယ် ။ သား ကံရာဇာငယ်ဟာလည်း တကောင်းမှာပဲႜဆက်လက် အုပ်စိုးခဲ့ပါတယ် ။ ကံရာဇာကြီးဟာ ရခိုင် ( ရက္ခာပူရ ) ကို သွားရောက် အုပ်စိုးပါတယ် ။ ကံရာဇာကြီးရဲ့သား မုဒုစိတ္တဟာ အလယ်ပိုင်း ပြည်မြို့တစ်ဝိုက်ဆီမှာ အုပ်စိုးခဲ့ပါတယ် ။ သို့ လာရောက်ခဲ့ကြတာဟာ ဂေါတမဗုဒ္ဓ မပွင့်မီကလို့ ဆိုပါတယ် ။
ဘုရားပွင့်ပြီးတဲ့နောက် ဓဇရာဇာမည်တဲ့ သာကီဝင် မင်းတစ်ပါး နောက်ထပ် ရောက်ရှိလာပြီး တကောင်းမှာ ဆက်လက် အုပ်စိုးခဲ့ပါတယ် ။
ပထမတကောင်းမှာ -
အဘိရာဇာ ၊ ( သား ) ကံရာဇာငယ် ၊ ဇမ္ဗူဒီပရာဇာ ၊ သင်္ကဿ ၊ ဝိပ္ပန္န ၊ ဒေဝတ ၊ မုနိက ၊ ( ဘထွေးတော် ) နာဂရာဇာ [ တရုတ်တို့ဝင်၍ ပျက်သည် ] ၊ ( ညီ ) အိန္ဒ ၊ ( သား ) သမုတိ ၊ ဒေဝ ၊ မဟိန္ဒ ၊ ဝိမလ ၊ သီဟနု ၊ မင်္ဂန ၊ ကံသ ၊ ဂလိင်္ဂ ၊ သင်းတွဲ ၊ သီဟဠ ၊ ( ညီ ) ဟံသ ၊ ( သား ) ဝရ ၊ တိုင်းချစ် ၊ ( သား ) မဒု ၊ မင်းလှကြီး ၊ သံသုသီဟ ၊ ဓနင်္ဂ ၊ ဟိန္န ၊ မောရိယ ၊ ဘိန္နက ၊ ဇမ္ဗူဒီပဓဇ
ဒုတိယတကောင်းမှာ -
တိုင်းရ ( ရာဇာ ) ၊ ရထားရ ၊ တံခွန်ရ ၊ လှံပျံရ ၊ ရွှေ ၊ ဂဠုန်ရ ၊ နဂါးရ ၊ နဂါးနိုင် ၊ ရဟောလာ ၊ ပေါင်ရှည် ၊ ကျောက်ရှည် ၊ ဆင်လောက် ၊ အလောင်း ၊ ကောလက ၊ သူရိယ ၊ တိုင်းချစ် ၊ ဆင်ထိန်း ၊ တိုင်းချက် ၊ မင်းကြီး ၊ မဟာရာဇာ
ဒုတိယတကောင်းပြည် ဓဇရာဇာမင်းရဲ့အဆက် သတိုးတိုင်းချစ်မင်းကြီးဟာ ဧရာဝတီမြစ်ကို စုန်ဆင်းပြီး ဧရာဝတီမြစ်ရဲ့ အရှေ့တောင်ဘက် ယုန်လွှတ်ကျွန်းကို တက်တော်မူပြီး အဲဒီက အရှေ့တောင် ၄ ယူဇနာခွဲအကွာ သပြေညီနောင်ပင်ရင်းမှာ သီတင်းသုံးနေတဲ့ ဂေါဓံရသေ့ကို ဖူးမြော်ကန်တော့ပြီး သား သတိုးသစ္စာမင်းသားကို ပညာရပ်များ သင်ကြားပေးပါရန် အပ်နှံပြီး တကောင်းပြည်ကို ပြန်ကြွတော်မူပါတယ် ။
ပင်းမြို့ဟောင်းဟာ -
မကွေးတိုင်း ၊ နတ်မောက်မြို့နယ်မှာ တည်ရှိပါတယ် ။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၈၂' ၊ မြောက်လဂျီတွဒ် ၂၀ ဒီဂရီ ၃၅ မိနစ် ၀ . ၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ် ၆ . ၂ စက္ကန့်မှာ တည်ရှိပါတယ် ။
ပင်းမြို့ဟောင်းမှာ မြို့ရိုးနဲ့ကျုံး ရှိပါတယ် ။ တစ်ချို့နေရာတွေမှာ အုတ်ရိုးတွေ ပေါ်လျက် ရှိနေပါတယ် ။ မြို့ရိုးတစ်ဘက်ကို ပေ ၁၀၀၀ ကျော် ရှိပါတယ် ။ မြို့ရိုးထုကတော့ ၆ ပေ ရှိပြီး မြို့ရိုးအုတ်တွေဟာ အလျား ၁၆ လက်မ ၊ ဗျက် ၇ ၁/၂ ၊ ထု ၂ လက်မ ရှိပါတယ် ။
အလယ် နန်းခုံမှာရှိတဲ့ အုတ်တွေဟာ အလျား ၁၆ ၁/၂ လက်မ ၊ ဗျက် ၈ လက်မ ၊ ထု ၁ ၁/၂ လက်မ ရှိပါတယ် ။
ပင်းမြို့ဟောင်းရဲ့ မြို့တံခါးပေါက်တွေကတော့ -
၀၁ ။ ။ အရှေ့ဘက် ( မင်္ဂလာတံခါး )
၀၂ ။ ။ တောင်ဘက် ( ရန်အောင်မြင်တံခါး )
၀၃ ။ ။ မြောက်ဘက် ( ရွှေအိုးရတံခါး )
၀၄ ။ ။ အနောက်မြောက်ဘက် ( အမင်္ဂလာတံခါး ) တို့ပဲ ဖြစ်ပါတယ် ။
ပင်းမြို့ဟောင်းရဲ့ အမည် ၅ မျိုးကတော့ -
၀၁ ။ ။ အပင်မြို့
၀၂ ။ ။ အောင်သပြေမြို့
၀၃ ။ ။ သစ္စာပန်မြို့
၀၄ ။ ။ ပင့်မြို့
၀၅ ။ ။ ပင်းမြို့ ဆိုပြီး ခေါ်ဝေါ်ခဲ့ကြပါတယ် ။
သာသနာသက္ကရာဇ် ၁၀၀ ပြည့်မှာ ကဒူးနောင်တော်ကြီးဟာ မြို့ပြပြည်ရွာချဲ့ ကျေးလက်တောရွာသူကြီး ၉၅ ဦး ထားပြီး သိုက်မြိုက်စွာ စိုးစံခဲ့ပါတယ် ။ ၁၂၃ ခုနှစ်မှာ ညီတော် နန်းဆက်ခဲ့ပါတယ် ။
ဗိဿနိုး သြဇာကြီးလာပြီးတဲ့နောက် အောင်သပြေမြို့ဟာ သာသနာနှစ် ၁၃၈ ခုနှစ်မှာ ဗိဿနိုးလက်အောက်ကို ကျရောက်ခဲ့ပါတယ် ။ အောင်သပြေမြို့ ( ယခု ပင်းမြို့ ) မှာ မင်းဆက် ၅ ဆက် အုပ်စိုးခဲ့ပြီး မြို့သက် နှစ် ၁၀၀ ကျော် ထင်ရှား ကျော်ကြားခဲ့ပါတယ် ။
( #NOTE = ပင်းမြို့ဟောင်းအကြောင်းကို ဒီလောက်နဲ့ ရပ်ထာ ကောင်းမယ်ထင်တယ် ။ နို့မို့ဆို သမိုင်းမတင်မီခေတ်တွေ ဘာမဆိုင် ညာမဆိုင် ဟိုဟာ ဒီဟာတွေ တစ်သီကြီး မီးခိုးကြွက်လျှောက် ပါကုန်လိမ့်မယ် . . . ။ )
ကိုးကား -
ရှေးဟောင်းကျောက်စာများ အတွဲ ( ၁ )
တောင်တွင်းကြီးမြို့ ရှေးသုဌာနခွဲမှ သုတေသနအရာရှိ ဦးခင်မောင်ကြီးရဲ့ အစီရင်ခံစာ
ဦးအောင်ကြိုင် & ဦးဉာဏ်လှ & tawphayarngal
with - Win Naing Oo . Azan Art . Aung Kyaw Kyaw . Kaung Htet Kyaw . Kyaw Nanda . Kyaw Swe Win . Ko Lwin Aung . မြရည် နန္ဒာ . Saw Minn Oo . Tin Latt . Eain Htoo Zaw . Pyae Sone Nyein

No comments:
Post a Comment